ကိုသာဂိရဲ့ ဇာတ်လမ်းကောင်းများ (Part 4 ဇာတ်သိမ်း)
းထဲတွင် နွေးထွေးစွာ မှေးစက်ရင်း သုံးခါလောက် လုပ်ဖြစ်သေးသည်။ သူမ၏ ပစ္စည်းကား သာဂိအတွက် အံ့သြဖွယ်ရာ အတိဖြစ်ချေသည်။
သာဂိ အရမ်းကို ကြိုက်နေမိသည်။ သူမ နည်းနည်းလေး လူးလွန့်မိ၍ သာဂိ နိုးလာသည်နှင့် တစ်ခါ လုပ်ဖြစ်နေသောအခါ နောက်ဆို သူမသည် ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေးသာ ခွေနေတော့သည်။ မနက် လေးနာရီခန့်တွင်မူ သူမက သာဂိကို အတင်းနှိုး၍ ပြန်တော့ဟု ပြောသည်။ ဆိုင်ကယ်ယူသွား မနက်ကြမှ လာပေးဟုဆိုသည်။ သာဂိ အိပ်ချင်မူးတူးဖြင့် တစ်ချီဆွဲဖို့ ကြံသေးရာ သူမက အတင်းတွန်းလွှတ်ပြီး
“ နင်တို့ .. ဗမာတွေ ဆိုးကိုဆိုးတယ်၊ မနက်ဖြန်မှ လာနော် ၊ အမေတို့ သိသွားမယ်၊ ပြန်တော့”
ဟုဆိုသည်။ ထိုအခါမှ သာဂိလည်း
“မန်းထန်မော”
ဆိုကာ ပြန်ခဲ့ရသည်။ (မန်းထန်မော=အိမ်မက်လှလှ မက်ပါစေ၊ ခွဲခွာခါနီး နှုတ်ဆက်စကား)
သာဂိ နိုးလာတော့ ကိုနေဇာကို ဧည့်ခန်းထဲမှာ ထိုင်နေတာ တွေ့ရသည်။ ကိုနေဇာက ပြုံးပြပြီး ညက အခြေအနေကို မေးသည်။ သာဂိသည် ကိုနေဇာ မမေးလည်း ပြောပြဖို့ စိတ်ကူးရှိပြီးသား ဖြစ်သည်။ ညက သူ့လိင်တံကို ကစားချင်သလို ကစားထားခဲ့သော အက်စ်စတာ၏ ပစ္စည်းအကြောင်းလည်း သိချင်သည်။ သာဂိ ပြောပြအပြီး ကိုနေဇာက ရှင်းပြသည်မှာ ဤသို့ ဖြစ်သည်။
“ ဒါက သူတို့ တိုင်းရင်းသူတွေရဲ့ အားသာချက်လို့ ပြောရမှာပဲ။ ဟိုးအရင်တုန်းက ဒီတောင်တန်းဒေသတွေမှာ ဆေးဆရာတွေ၊ သမားတော်တွေ မရှိခဲ့ကြဘူး မဟုတ်လား။ သူတို့ မိန်းမတွေမှာလည်း ယောကျ်ားတွေလို အူကျတတ်တဲ့ရောဂါ ရှိတယ်ဗျ။ တကယ်ပြောတာ။ တစ်ချို့ဆို အထဲကနေ လိပ်ခေါင်းထွက်သလိုကို ပြူထွက်နေတာ။ အဲဒါကို သွားရင်းလာရင်း ပေါင်နှင့် တိုက်မိတဲ့အခါ ပွန်းပြီး အနာဖြစ်၊ ပြည်တွေတည်တော့မှ ဆေးခန်းရောက်ကြရတာ။ တစ်ကယ်တော့ အဲဒါ အူကျတာ မဟုတ်ပါဘူး။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်း အိမ်ကျတာ အဲဒါမျိုးတွေ ဖြစ်တာလေ။ ဘာဖြစ်လို့ကျသလဲ ဆိုတော့ ကျွှန်တော်တို့ ဒီ တင်ပဆုံရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီးရှိတယ်ဗျ။ အဲဒါတွေကို သူ့နေရာနှင့်သူ ပုံမှန်ရှိနေအောင် အထဲမှာရှိတဲ့ အရွတ်တွေ၊ အကြောတွေက ထိန်းပေးထားတာ။ အဲဒီ ထိန်းပေးထားတဲ့ ကောင်တွေ အားနည်းလာရင် ခုနပြောသလို ဖြစ်တော့တာပဲ။
အားနည်းရခြင်းကလည်း အမျိုးမျိုး ရှိတယ်တဲ့။ များသောအားဖြင့်တော့ လိင်ဆက်ဆံမူများတာ၊ ကလေးတွေ တဗြွတ်ဗြွတ် မွေးတာ၊ နောက်ဆုံး အလေးအပင် မတာ၊ ချောင်းဆိုးတာ၊ ရယ်တာကိုတောင် သတိမထားတတ်ရင် အဲဒီကောင်တွေကို အားနည်းစေတယ်။ အဲဒါကြောင့် ရှေးလူကြီးတွေက တစ်ဘက်လှည့်နဲ့ ပြောဆိုဆုံးမခဲ့တာ ဖြစ်မယ်။ မိန်းကလေးတွေ အားရပါးရ ရယ်တာကို တားမြစ်တာလေ။ တစ်ကယ်တော့ သူတို့က စေတနာနဲ့ပါဗျာ။
အဲ .. စကားက ဘယ်ရောက်သွား.. ဟုတ်ပြီ။ ဒီမှာက ဆေးဆရာတွေ မရှိတော့ သူတို့မှာက ကုဖို့ခက်တယ်လေ။ အဲတော့ ကိုယ့်ဘာသာကိုယ် ကာကွယ်ကုသကြရတာပေါ့။ ဘယ်လိုလဲဆိုတော့ စစချင်း ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာကို ခဏရပ်အောင် လုပ်ကြည့်တာပဲ။ ပြီးရင် ပြန်သွား။ ရပ်လိုက်၊ သွားလိုက်နှင့် ကြာလာတော့ ဘယ်နေရာကို ဘယ်လို ညှစ်ကျုံ့လိုက်ရင် ရတယ်ဆိုတာ ကိုယ့်ဟာကိုယ် သိလာပါတယ်။ တစ်ခုပဲ သတိထားရမယ်တဲ့။ ပေါင်တွေ ခြေထောက်တွေ တောင့်ပြီး ညှစ်တာမျိုး မဖြစ်ရဘူး။ အသက်တွေ ဘာတွေ အောင့်ပြီး အတင်းကြီး ရှုံ့တာမျိုး မဖြစ်ရဘူး။ သက်သက်သာသာလေးပဲ ။
အဲ ခုန ဆီးသွားတာကို ရပ်တတ်ပြီဆိုရင်တော့ ပက်လက်အိပ်ရင်း စမ်းကြည့်၊ ထိုင်ပြီးတော့ စမ်းကြည့်၊ ဆီးသွားဖို့ ပြောတာ မဟုတ်ဘူးလေ။ ဆီးသွားရင် ရပ်အောင် ညှစ်တဲ့ ဟာတွေကို ညှစ်ခိုင်းကြည့်တာ။ နောက်ဆိုရင် အချိန်မရွေးလုပ်နိုင်တယ်။ အလုပ်လုပ်ရင်း၊ တီဗွီကြည့်ရင်း၊ ကလေးထိန်းရင်း ကျင့်နေလို့ရတယ်။ ညှစ်တဲ့အချိန်ကိုတော့ တဖြေးဖြေး တိုးယူပေါ့။ စစချင်း နှစ်စက္ကန့်လောက်ကနေ ကြာနိုင်သလောက် ပိုကောင်းတာပေါ့။ ခင်ဗျား အက်စ်စတာဆို နာရီဝက်လောက်တောင် ညှစ်နိုင်တယ် မဟုတ်လား.. ဟားဟား ။
ဒီလိုကျင့်တာ ဘာကောင်းသလဲဆိုတော့ ခုနပြောတဲ့ ရောဂါတွေဖြစ်ဖို့ အခွင့်အလမ်း အရမ်းကို နည်းသွားမယ်။ နောက်ပြီး ကိုယ့်လင်သားက အပျိုတွေနှင့်တောင် ကိုယ့်ကို လဲနိုင်မှာ မဟုတ်တော့တဲ့ အကျိုးရမယ်။ အပြင်ထွက်ထွက်ပြီး အသစ်မြည်းချင်တဲ့ ဒင်းတို့ကို ကောင်းကောင်း နှိပ်ကွပ်လို့ရတာပေါ့ဗျာ။ အခု ခင်ဗျားတောင် အဲလိုဖြစ်နေပြိ မဟုတ်လား။ ဟဲဟဲဟဲ..”
“ဟုတ်တယ်ဗျာ.. ကျွန်တော် တစ်သက်နှင့်တစ်ကိုယ် ဒီလောက်ကောင်းတာ တစ်ခါမှ မတွေ့ဘူးသေးဘူး။ ငြိမ်းငြိမ်းအကြောင်း အစ်ကို သိပါတယ်။ သူနဲ့တောင် ဒီလောက် မကောင်းဘူးဗျ။ အခုဟာက တော်တော် မိုက်တာ”
“ဟားဟားဟား .. အဲဒီတော့လည်း ရှိတ်စပီးယားကြီး ပြောသလို သူမရဲ့ ပေါင်ကြားမှာပဲ သေသွားပါစေ၊ ငါဟာ သွေးနားထင်ရောက်နေတဲ့ သတို့သားလို သတ္တိရှိရှိနှင့် သေသွားမယ်လို့သာ ကြုံးဝါးလိုက်ပေါ့ဗျာ။ အဲ.. ဒါနဲ့ ခင်ဗျား တစ်ခုတော့ သတိထားနော်။ ခင်ဗျားတို့နှစ်ယောက် ကိုးကွယ်တဲ့ဘာသာ မတူကြဘူး။”
သာဂိသည် ကိုနေဇာ့စကားကို ဆုံးအောင် နားထောင်ဖို့ စိတ်ကူးမရှိတော့။ အက်စ်တာထံသို့ သွားချင်နေပြီ ဖြစ်သည်။ ဘာသာရေးနှင့် ပတ်သက်ပြီး သူက အယူသည်းလှသူ မဟုတ်၍လည်း ထိုကိစ္စကို သိပ်မစိုးရိမ်။
အက်စ်တာတို့ အိမ်ရောက်သောအခါ အက်စ်တာကို မနည်းခေါ်ယူရသည်။ သူမက အိပ်နေ၍ဖြစ်သည်။ သူမ မိဘတွေကတော့ နန့်ဖာလုံဈေးသို့ ဈေးရောင်းထွက်သွားကြပြီ။ သာဂိ သိပ်တွေးနေစရာမလို။ သူမအိပ်ယာထဲတွင် ဝင်ကွေးလိုက်သည်။ တကယ်တော့ သူလည်း အိပ်ရေးဝသေးတာ မဟုတ်ချေ။ အိပ်မပျော်ခင် ခဏတာ ခွဲခွာရမူ အလွမ်းပြေအဖြစ် တစ်ခါလောက် ချစ်လိုက်ကြသေးသည်။
သာဂိသည် ကိုနေဇာ အလုပ်လုပ်နေသည့်နှစ်ပတ်အတွင်း အက်စ်စတာ့အိမ်တွင်သာ အချိန်ကုန်နေသည်။ သူနှင့် အက်စ်စတာသည် ညဘက် အတူမနေရသည်မှလွဲ၍ နေ့ဘက် တစ်ချိန်လုံး လင်မယားလိုသာ နေကြသည်။ အတူစားသည်၊ အတူရေချိုးသည်၊ အတူတူ ချက်ပြုတ်ကြသည်၊ ပြီးတော့ အတူတူ ချစ်ကြသည်။ သာဂိ ပျော်နေပြန်ချေပြီ။ သို့ရာတွင် လွတ်လွတ်လပ်လပ်လည်း မပျော်နိုင်ချေ။ သူ့အပျော်တွေသည် ဘယ်တော့မှ တာရှည်မခံတတ်မှန်း သာဂိ ခံစားနေကြဖြစ်လာ၍ စိုးရိမ်နေမိသည်။ အက်စ်တာ့ကို ကြည့်ရတာတော့ ဘာမျှအပူအပင် မရှိသလို ပုံမှန်ပဲ ဖြစ်သည်။ သူ့အပေါ်တွင်တော့ တကယ့်ကို ယုယုယယရှိသည်။ ခပ်ဝဲဝဲလေး ပြောသော မပီတပီ စကားသံလေးများအောက်တွင် သာဂိသည် ပျော်ဝင်နေပြန်သည်။ ဘာပဲဖြစ်ဖြစ် တစ်ရွာသားဖြစ်သည့် သူသည် အချိန်တန်လျှင် အိမ်ပြန်ရမည်သာ ဖြစ်သည်။
သူတို့ ပြန်ရမည့်ရက်သည် သိပ်မကြာခင်တင် ရောက်လာတော့မည်ဖြစ်ကြောင်း ကိုနေဇာက အသိပေးလာသည်။ အလုပ်တွေပြီးပြီ။ နှစ်ရက်၊ သုံးရက်ကြာလျှင် ပြန်မည်ဟု ဆိုသည်။ သာဂိ အက်စ်စတာကို ခေါ်သွားချင်သည်။ သူ ငွေလည်းရှာတတ်နေပြီ ၊ နောက်ပြီး မတွေ့တာကြာပြီ ဖြစ်သော အဖေနှင့် အမေတို့ဆီလည်း အလည်သွားရင်း သူမကို ခေါ်သွားချင်သည်။
အန်တီက မြို့နယ်ပညာရေးမှုး ဖြစ်နေပြီဟု ကြားရသည်။ သူနှင့် အက်စ်တာကို အန်တီက မည်သို့ သဘောထားမည်နည်း။ သာဂိသည် အက်စ်တာကို လက်ထပ်ပြီး ခေါ်ယူသွားနိုင်ဖို့ သူ့မိဘတွေနှင့် ဆွေးနွေးရသည်။ သာဂိဘက်က လူကြီးကတော့ ကိုနေဇာပင် ဖြစ်သည်။ အက်စ်တာတို့ဘက်တွင် သူ့မိဘများသာမက ဦးထန်ပါ ပါဝင်ဆွေးနွေးသည်။ အက်စ်စတာတို့ဘက်က တောင်းဆိုသည်မှာ မများလှပါ။ ခေတ်ဆန်သော အမြင်ကျယ်သည့် လူကြီးများ ဖြစ်သည့်အတိုင်း တင့်တင့်တယ်တယ် ဘုရားကျောင်းတွင် လက်ထပ်ပေးလျှင် ရပြီဟု ဆိုကြသည်။ စကားတတ်သလောက်၊ စပ်စုတတ်သော ကိုနေဇာကြောင့် ဆွေးနွေးပွဲ၏အစသည် စိတ်ဝင်စားဖို့တော့ ကောင်းသည်။
ကိုနေဇာက အက်စ်တာတို့ အိမ်ဧည့်ခန်းနံရံတွင် ချိတ်ထားသော ပန်းချီကားထဲမှ ပါးရဲထိုး အမျိုးသမီးပုံကို ညွှန်ပြ၍ သူတို့က ဘာလို့ အဲလို ထိုးရတာလဲ ဟု စပ်စုသည်။ သာဂိ အားနာသွားမိသည်။ ကြားဖူးတာက မြန်မာဘုရင်တွေ ချင်းမလေးတွေကို တော်ကောက်မှာစိုး၍ ပါးရဲထိုးရသည်ဟု ကြားဖူးသည် မဟုတ်ပါလား။ သို့ရာတွင် ဦးထန်က ရယ်၍ ပြောသည်။
“ဘယ် ဗမာဘုရင်မှ ဒီလို တောတောင်ထဲလာပြီး တော်ကောက်မနေပါဘူး။ တကယ်လို့ တော်ကောက်လို့ ထိုးရတယ် ဆိုရင်တောင် အဆက်အသွယ် ခက်ခဲတဲ့ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ ဒီသတင်းပြန့်ဖို့ တကယ်ကို မလွယ်လှပါဘူး။ အဲဒါက ကိုလိုနီခေတ် နယ်ချဲ့တွေ သွေးခွဲ ရန်တိုက်ပေးတဲ့ စကားပါ။ တကယ်တော့ ကျွန်တော်တို့ အမျိုးသမီးတွေ ပါးရဲထိုးတာက ဟိုး နတ်ကိုးကွယ်စဉ်တုန်းက နတ်ဆရာတွေရဲ့ အစီအရင် တစ်ခုပါ။ ပါးရဲကွက် မပြည့်ပဲ အိမ်ထောင်ပြုရင် နတ်က စိတ်ဆိုးတတ်တယ်လို့ ဆိုကြတယ်။ အခုတော့ နတ်ကိုးကွယ်တာ နည်းသွားသလို ပါးရဲထိုးကြတာလည်း ပျောက်သလောက် ဖြစ်သွားပါပြီ ”
ဟုဆိုသည်။ ပြီးတော့ ကျွန်တော်တို့ လက်ထပ်ပွဲ အကြောင်း ရောက်သွားပြန်သည်။ ထုံးစံအတိုင်းဆိုလျှင်တော့ မိန်းကလေး တန်ဖိုးအဖြစ် နွားနောက် ငါးကောင်နှင့် ရွှေနားကွင်း ဆယ်ကွင်း ချက်ချင်းပေးရမည် ဆိုသည်။
သာဂိ နည်းနည်း နင်သွားတာကို မြင်၍လား မသိ။ အခုခေတ်မှာတော့ ဒါတွေ အဓိကမထားတော့ပါဟု ဆက်ပြောသည်။ နောက် .. ပြောရင်းဆိုရင်း သာဂိကို နှစ်ခြင်းဘယ်တော့ခံမလဲ ဟုမေးသည်။ သာဂိ မဖြေတတ်တော့။ ကိုနေဇာကို လှည့်ကြည့်မိတော့ ကိုနေဇာက စကားကို လှည့်ပတ်ပြောသည်။
အိမ်ထောင်ရေးမှာ ချစ်ခြင်းသာ အဓိကဖြစ်ပြီး ကိုးကွယ်မူကို နားလည်မူနှင့် ညှိနှိုင်းကြမည် ဖြစ်ကြောင်း သူ့ဘာသာကို ကိုယ်အားပေးသလို၊ ကိုယ့်ယုံကြည်မူကိုလည်း အားပေးစေချင်ကြောင်း စသည်ဖြင့် ဝေ့လည်လည် ဖြေပေးတော့ လူရိုးကြီး ဦးထန်က သဘောကျပုံမရ။ မျက်မှောင်သာ ကုပ်သွားပြီး ဘာမှမပြောတော့။ ဆွေးနွေးပွဲ၏ အရိပ်ယောင်သည် မုန်တိုင်းအစလို ချက်ခြင်းငြိမ်သက်သွားသည်။ ပြီးတော့ ဝုန်းကနဲ တိုက်ခတ်လိုက်သော လေပြင်းလို အက်စ်တာ့ ဖခင်၏ စကားတစ်ခွန်းက သာဂိရင်ကို ဝင်မွှေသွားသည်။
“ ထမ်းပိုးမညီတဲ့ အိမ်ထောင်ရေးကို ကျုပ် သဘောမတူနိုင်ဘူး ”
အက်စ်တာကို သူ့မိခင်က အိမ်ခန်းထဲ ခေါ်သွားသည်။ အက်စ်တာသည် ထိုင်ရာမှအထ သာဂိ မျက်ဝန်းတွေကို တစ်မျိုးလေး စိုက်ကြည့်သွားသည်။ သူမမျက်ဝန်းတွေက သာဂိကို တစ်ခုခု ရွေးချယ်ဖို့ တောင်းပန်နေသည် ထင်သည်။
ကိုနေဇာက သာဂိကို ရွှေဘုံသာ ဘုရားရင်ပြင်တော်ပေါ်သို့ ခေါ်လာခဲ့သည်။ သာဂိစိတ်သည် ဆည်းလည်း သံလေးများအောက်တွင် အနည်းငယ်တော့ တည်ငြိမ်မှုရလာသည်။ ကိုနေဇာက သာဂိကို စကားလုံးအေးအေးလေးများနှင့် တစ်လုံးချင်းပြောသည်။
“ ခင်ဗျား .. စဉ်းစားပါ၊ ကိုသာဂိ။ လတ်တလော ချက်ချင်းကြီး မဆုံးဖြတ်ပါနဲ့ဦး။ ဘယ်ဘာသာတရားကိုမှ ကျွန်တော် မကောင်းမပြောပါဘူး။ ကျွန်တော်တို့ ဘာသာကိုမှ ကောင်းပါတယ်လို့လည်း အမွှန်းမတင်ချင်ဘူး။ ခင်ဗျားဟာ ခင်ဗျားမိဘတွေက မွေးထုတ်လိုက်ပေးတဲ့လူ၊ သူတို့ ကိုးကွယ်တဲ့အတိုင်း ခင်ဗျား လိုက်ကိုးကွယ်ရတာပဲ။ ဒါဟာ အမှန်တရားပဲ။ အကျိုးကျေးဇူးတွေ၊ နောင်ဘဝတွေ အသာထားဦးဗျာ။ အကယ်လို့ ခင်ဗျားသာ ဘာသာပြောင်းလိုက်မယ်ဆိုရင် ခင်ဗျားမိဘတွေ ရင်ထဲမှာ ဘယ်လိုခံစားရမယ် ထင်သလဲ။ နောက်ပြီး ခင်ဗျားကို တစ်သက်လုံး ပြုစုထိန်းကျောင်းလာတဲ့ ခင်ဗျားအဒေါ် .. သူ ရော ဘယ်လိုခံစားရမလဲ။ တွေးကြည့်စမ်းပါ။ ခင်ဗျားတစ်ယောက် စိတ်ချမ်းသာဖို့ ဘယ်နှစ်ယောက် စိတ်ဆင်းရဲကြမလဲ။ တစ်နုံ့နုံ့နှင့် သူတို့ရင်တွေ ဘယ်လိုဖြစ်နေမယ် ထင်သလဲ။ ခင်ဗျား .. ကိုရင်စည်းဖူးတယ် မဟုတ်လား။ အဲဒီတုန်းက သူတို့တွေ ဘယ်လောက်ပျော်တယ် ဆိုတာကို ပြန်မြင်ယောင် ကြည့်စမ်းပါဗျာ။ ခင်ဗျား လဲသင့်သလား၊ သေချာစဉ်းစားပါ .. ကိုသာဂိ ”
သာဂိ ပြူတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်လိုက်သည်။ တိမ်မျှင်စတွေကြားက ကလေးမြို့လေးသည် မှုန်ပျပျသာ မြင်ရတော့သည်။ အက်စ်စတာရှိသည့် တမူးကိုကား မြင်ပင်မမြင်ရတော့။ သာဂိ ရင်ထဲက လေပူကြီးကို “ဖူး” ကနဲ မှုတ်ထုတ်လိုက်သည်။ သို့ရာတွင် ပေါ့မသွားချေ။ လေယာဉ်ထဲက အဲကွန်းသည် သာဂိရင်ကို အေးအောင် မတတ်နိုင်။ သာဂိ လေယာဉ်စီး၍ ရန်ကုန်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြည်မှာ နေချင်စိတ်လည်း မရှိတော့။ ဒေါ်လေးကို ဝင်တွေ့ပြီးသည်နှင့် ရွာကိုပြန်မယ် စိတ်ကူးသည်။ ပြည်က လက်ကျန် ပစ္စည်းတွေကို ကိုထွန်းနိုင်နှင့် လွှဲလိုက်သည်။ သူက ဈေးဖြတ်ပြီး ရိုးမဘဏ်ကို လွှဲပေးလိုက်မည်ဆိုသည်။
သာဂိ နည်းနည်းတော့ အတွေ့ကြုံရှိလာပြီ ဆိုရမည်။ အက်စ်စတာကို သတိရသည်မှလွဲ၍ မိဖြူနှင့် တုန်းကလောက်၊ ငြိမ်းငြိမ်းနှင့် တုန်းကလောက် ခံစားရခြင်း မရှိတော့။ ဒါပေမယ့် သက်ပြင်းချရင်း ကိုယ့်လက်ဖဝါးကို ပြန်ကြည့်မိသည်။ (ဦး)စိုင်းထီးဆိုင် သီချင်းထဲကလို နှလုံးလမ်းကြောင်းမှာ ကျွန်းများ ပါနေသလားဟု ရှာနေမိခြင်း ဖြစ်သည်။ ကျွန်းတော့ မတွေ့၊ သူ့နှလုံးလမ်းကြောင်းသည် အနားစတွေ ဖွာနေသော အုန်းဆံကြိုးကဲ့သို့ ဖွာလန်ကျဲ နေသည်မှာ ကပ်ကြေးနှင့်သာ ညှပ်ပစ်ချင်စရာ ဖြစ်၏။
သာဂိ ရန်ကုန်ရောက်သောအခါ ဒေါ်လေးရှိရာသို့ လိုက်သွားသည်။ ဒေါ်လေးသည် အရင်အတိုင်းပင် သာဂိကို ဆီးကြိုသည်။ ဒေါ်လေးသည် ဝဝဖိုင့်ကြီး ဖြစ်လာ၏။ ဆီဦးထောပတ်တွေ အစားများသွားသည် ထင်သည်။ သူ့ဗိုက်ကြီးနှင့် လက်မောင်းလုံးလုံးကြီးတွေသည် ဦးလေးတစ်ကိုယ်စာလောက် ရှိသည် ထင်ရသည်။ ဦးလေးကတော့ သက်ပြည့်ပင်စင်နှင့် အငြိမ်းစားယူပြီး ဒေါ်လေးအခန်းမှာ ကပ်နေနေသည်။ သူ့ဘာသာသူဆိုလျှင် သူ့ ပင်စင်လစာလေးကို လက်ဘက်ရည်ဆိုင်ထိုင်မှ သုံးစွဲတတ်သော်လည်း သာဂိရောက်လာသည့် ညနေက ဦးလေးသည် ဝီစကီတစ်လုံးထောင်ပေး၏။ သာဂိ ဦးလေးကို အရမ်းချစ်သွားမိသည်။ သူ နှစ်သက်သည့် လက်ဘက်ရည်ဆိုင် ထိုင်ခြင်း ကိစ္စအား တူဖြစ်သူကို ဧည့်ဝတ်ပြုခြင်းနှင့် လဲလှယ်လိုက်ပေပြီ။
အဲ့ဒီနေ့ညက တူဝရီးနှစ်ယောက်သား သာဂိအဒေါ်၊ ဦးလေးမိန်းမ ဆရာမကြီးအကြောင်း နှစ်ယောက်သား အတင်းတုပ်ရင်း အချိန်ဖြုန်းခဲ့မိကြသည်။
နောက်တစ်နေ့ သာဂိ ဗိုက်ထဲက နည်းနည်းနာသည်။ ဘယ်နေရာရယ်လို့တော့ မပြောတတ်။ နာတာတော့ နာသည်။ ဒါပေမယ့်လည်း သိပ်အဆိုးဝါးကြီးတော့ မဟုတ်။ နေလို့ထိုင်လို့တော့ရသည်။သွားသွားလာလာ စားလိုက်သောက်လိုက်ဖြင့် ပျောက်သွားမည် ထင်မိသည်။ ထိုအထင်မှားသည်။ မပျောက်။ ခဏခဏနှင့် နာနေသည်။
ညနေစောင်းလောက်တွင် ထိုးပြီးနာသည်မှာ အထဲကနေ ဆွဲဆုပ်ထားသလို ဖြစ်၏။ သာဂိ ဗိုက်ကိုနှိပ် ဒူးထောက်ပြီး ခွေကျသွားကာ ညည်းငြူနေရသည်။ သို့ရာတွင် ခဏအကြာ ပျောက်သွားပြန်သည်။ ဦးလေးက အူလိပ်တာများလားဟု ဆိုသည်။ သာဂိလည်း မသိ။ ဟုတ်ချင်လည်း ဟုတ်မည်။ အားကစား လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တာ နှစ်တွေ တော်တော် ကြာခဲ့ပြီဖြစ်၍ ခန္ဓာကိုယ်က နုနေခြင်း ဖြစ်မည်ဟုသာ ထင်မိသည်။ ဤသို့ဖြင့် သုံးရက်လောက် နာလိုက် ပျောက်သွားလိုက် ဖြစ်နေကာ ဗိုက်ထဲက ဝေဒနာသည် သာဂိကို မျက်လှည့်ပြနေသည်။
သုံးရက်မြောက်သောနေ့။ ထိုနေ့က ဒေါ်လေးက အစည်းဝေးသွားသည်။ ဦးလေးက သာဂိဖို့ ကြက်သားဆန်ပြုတ် ပြုတ်ပေးသည်။ အစားသရမ်းသော သာဂိ ဇလုံကြီးနှင့် နှစ်ပွဲတီးသည်။
ညနေစောင်းရောက်တော့ ဗိုက်ထဲက နာလိုက်သည်မှာ ပြောဖွယ်ရာမရှိဟု ထင်ရသည်။ သာဂိ ဆီးတွေပါ ထွက်ကျသည်။ ကြမ်းပြင်တွင် အလူးလူး အလဲလဲ။ ဦးလေးခင်မျာ ကယောင်ချောက်ချားနှင့် တက္ကစီ တစ်စီးငှားပြီး ဆေးရုံသို့ ထမ်းပို့သည်။ ဦးလေးသည် သာဂိအတွက် အရမ်းစိုးရိမ်နေသည်။
သာဂိ မြင်နေရသည်။ သို့သော် ဘာမျှမပြောနိုင်။ သူသည် ဗိုက်ကိုနှိပ်၍ ခါးကို ကုန်းထားရသည်။ သက်သာလို သက်သာငြား လုပ်မိလုပ်ရာ လုပ်ခြင်းဖြစ်သည်။ အမှန်တော့ ဘာမှမထူး။ နာတာက နာတာပဲ ဖြစ်သည်။ ဆေးရုံရောက်၍ စစ်ကြဆေးကြ မေးကြရင်း သာဂိကို ပုလင်းကြီးတစ်လုံး ချိတ်ပေးသည်။ အကြောဆေးတစ်လုံး ထိုးသည်။ ထိုအခါမှ ဝေဒနာက လျှော့ပါးသွားသည်။ ဆေးတွေထဲတွင် ဘာတွေပါသည် မသိ။ သာဂိ အရက်မူးနေသလိုလို ဖြစ်နေသည်။
အဲ .. ခုနကလည်း နပ်စ်မလေးတွေက မေးသေးသည်။ အရက်သောက်တတ်လား.. မူးယစ်ဆေးဝါး သုံးစွဲသလားဟု..။ ခုနမှ ရောက်လာသော အန်တီ့ မျက်နှာကို တစ်ချက်ကြည့်ရင်း မူးယစ်ဆေး မသုံးစွဲပါ။ အရက်တော့ ရံဖန်ရံခါ သောက်ဖြစ်ပါသည်ဟု ဖြေလိုက်သည်။ နေ့တိုင်းသောက်သည်ဟု ဖြေမိလျှင် အန်တီ စိတ်မကောင်း ဖြစ်သွားမည် စိုးသည်လေ။
နောက်တော့ သာဂိ ဆီးခုံက အမွှေးတွေကို နပ်စ်တစ်ယောက်က ရိတ်ပစ်သည်။ တော်သေးသည်။ ထိုလူက ယောကျ်ားလေးဖြစ်၍ သာဂိ ရင်ခုန်ခွင့် မကြုံလိုက်။ နောက် ည ၁၂ နာရီခန့်လောက်တွင် ဆရာဝန်ကြီးဆိုသူ ရောက်လာကာ နာနေပါသည် ဆိုသော ဗိုက်ကို လက်နှင့်ဖိလိုက် ပြန်လွှတ်လိုက် လုပ်သည်။ ပြီးတော့ နာလားဟု မေးသည်။ သာဂိ ဝေဒနာသာ ခံစားနေရတာ မဟုတ်လျှင် ထထိုးပစ်လိုက်ချင်သည်။ အခုတော့ အားမရှိ၍ နာတယ်ဟုသာ ခပ်ပျော့ပျော့လေး ပြန်ဖြေရသည်။
မကြာခင် သာဂိကို ခွဲခန်းထဲ ပို့သည်။ ဝတ်ထားသော အဝတ်တွေကို ချွတ်သူက ချွတ်သည်။ နောက် ဘာကြီးမှန်း မသိသည့် ဝတ်ရုံကြီး ခြုံပေးသည်။ ပြီးတော့ တွန်းလှည်းလေးနှင့် မီးမောင်းတွေ အောက်က ကုတင်တစ်လုံးပေါ် တင်လိုက်ကြသည်။ ဘေးတစ်ဘက်ကို ကွေးကွေးလေး စောင်းခိုင်းကာ မြီးညှောင့်ရိုးကို ဆေးထိုးကြပြန်သည်။ ဘေးတွင် နပ်စ်မလေးတွေ၊ ဆရာဝန်မလေးတွေ၊ နပ်စ်မကြီးတွေ၊ အများကြီး ရှိနေသည်။ သာဂိသည် အားလုံးကို သိနေ၍ တော်တော် ရှက်နေမိသည်။ ထိုစဉ် သူ့မျက်လုံးတွေပေါ်သို့ တစ်စုံတစ်ခုနှင့် အုပ်လိုက်ကြသည်။ သာဂိ ဘာမျှမမြင်ရတော့။ သို့သော် အောက်ပိုင်းက သူ့လိင်တံကို တစ်ယောက်ယောက်က လာထိနေသည်ကို သူသိသည်။
ဒီလောက်လူတွေ အများကြီးထဲက ဘယ်ကောင်မလေးက ရွတတနှင့် လာကိုင်ရသနည်းဟု ရုတ်တရက် စဉ်းစားမိသည်။ သို့သော် မဟုတ်။ ခါတိုင်း လာမထိနှင့် ထိသည်နှင့် ထန်ကနဲ ဖြစ်နေသာ သာဂိလိင်တံသည် ဒီတစ်ခါတော့ ပျော့ခွေခွေကြီး ဖြစ်နေသည်။ ဘာအာရုံခံစားမူမျှ မရှိ။ ထုံထုံထိုင်းထိုင်းကြီး။
ထိုစဉ် လက်ဖျောက်တီးသံ တစ်ချက်နှင့် လူတွေ ရုတ်ရုတ်ရက်ရက် လှုပ်ရှားသံများကိုပါ ကြားရသည်။ ပြီးတော့ သူ့ဗိုက်ကို တစ်ထုတ်ထုတ်နှင့် လာထိသည်။ သြော်.. သိပြီ။ သူ့ ဗိုက်ကို ခွဲနေကြပြီ။ အခုမှ သာဂိ လန့်လာသည်။ ကြည့်စမ်း… သူများ ဗိုက်ကို ခွဲနေကြတာ ကြက်ကလေး၊ ငှက်ကလေးများ အောင့်မေ့နေကြသလား မသိ၊ စကားတပြောပြောနှင့်၊ အံမယ် .. တစ်ချက်တစ်ချက် စာသင်ပေးနေသော ဆရာကြီး စကားသံနှင့် မရှင်း၍ ပြန်မေးသော ဆရာဝန်ပေါက်စမလေးတွေ အသံကိုပါ ကြားရသည်။
အင်း.. ဒီလိုဆိုတော့လည်း၊ ငါ့ဗိုက်ကြီး အရင်းတည်ပြီး သူတို့လေးတွေ ပညာရတာပေါ့ဟု တွေးကာ သာဂိ ပျော်ချင်လာသည်။ မနက်ဖြန် မနက်ရောက်လျှင် ဒင်းတို့လေးတွေမျက်နှာ ဘယ်သို့ကြည့်ရမည်နည်း။ သူတို့လေးတွေက ခန္ဓာကိုယ် တစ်ပြင်လုံးသာမက အထဲပါ မြင်ပြီးကြလေပြီ။
တွေးရင်း တွေးရင်း သာဂိ ရှက်လာသည်။ ကြည်နူးသလိုလိုလည်း ဖြစ်လာ၏။ ထိုစဉ် နာကျင်မူ ဝေဒနာသည် ရင်ခေါင်းလောက်မှ စတင်လာသည်။ ဘယ်လို နာသည်ဆိုတာ ပြောပြဖို့ ဘယ်လိုမျှ မဖြစ်နိုင်ချေ။ သာဂိဘဝတွင် သည်းမခံနိုင်ဆုံးသော နာကျင်မူ ၊ တစ်သက်နှင့်တစ်ကိုယ် ဒီလို နာကျင်မူမျိုး တစ်ခါမျှ မကြုံခဲ့စဖူး။ သာဂိ မေးငေါ့၍ ညဉ်းငြူလိုက်မိသည်။ ထိုစဉ် သူ့နှာခေါင်းပေါ်သို့ တစ်စုံတစ်ရာသည် အုပ်ကျလာသည်။ သာဂိ ဘာမျှ မသိတော့။
သာဂိ နိုးလာသောအခါ ကုတင်တစ်လုံးပေါ်တွင် ရောက်နေသည်ကို တွေ့ရသည်။ ဗိုက်ထဲက နာကျင်မူသည် စတင်လာပြန်သည်။ တော်တော် အခံရ ခက်သော ဝေဒနာဖြစ်သည်။ အထဲတွင် အပ်အစင်းပေါင်းများစွာနှင့် ထိုးနေသကဲ့သို့ တစ်ဆစ်ဆစ်နှင့် နာနေသည်။ နာ၍ လူးလွန့်မိလျှင်ကား ဓားနှင့် အခွဲခံရသလို ပိုနာသည်။ ထို့ကြောင့် သာဂိသည် ပါးစပ်က လျှောက်အော်နေခြင်းသာ တတ်နိုင်သည်။ ကြာကြာအော်တော့ မောလာကာ ရေဆာလာပြန်သည်။ ဘေးက အန်တီကို ရေတောင်းတော့ ချစ်လှစွာသော တူလေးကို ရေလုံးဝမတိုက်။
သာဂိ ဒေါသနှင့် နာတာ ပေါင်းပြီး မစင်တွေပါ ထွက်ကုန်သည်။ အန်တီက မရွံမရှာ သန့်စင်ပေးသည်။ သာဂိသည် တစ်ညလုံး ထိုဒဏ်ကို ကောင်းကောင်းခံစားလိုက်ရသည်။ မနက် မိုးလင်းတော့ ငှားထားသော နပ်စ်ရောက်လာပြီး ပြောသည်။
“ အစ်ကို .. အရက်သောက်တတ်တယ်ဆို ဟုတ်လား”
“ဟုတ်ပါတယ်”
“နေ့တိုင်းသောက်သလား”
သာဂိ ဘေးက အန်တီ့မျက်နှာ တစ်ချက် ကြည့်လိုက်ရင်း ..
“မသောက်ပါဘူး”
“အစ်ကို.. မလိမ်နှင့်နော်.. ဆေးစစ်တာ အကုန်ပေါ်တယ်၊ သိလား။ တကယ်လို့ အစ်ကိုက လိမ်တဲ့အခါ ကျွန်မတို့က ဆေး ပေးရတာလည်း ခက်တယ်။ တော်ကြာ ဆေးမှားပေးရင် ညကလို.. နာနေဦးမယ်”
“အင်း.. ဟုတ်ကဲ့၊ သောက်ဖြစ်ပါတယ်”
“ဘယ်လောက်လောက် သောက်လဲ”
သာဂိ နည်းနည်း လျှော့ပြောလိုက်သည်။
“တစ်ရက် တစ်ပြားလောက်ပါ”
“ပုံမှန်လား၊ ဘယ်လောက်လောက် ကြာပြီလဲ”
“အင်း.. သုံးနှစ်လောက်တော့ ရှိပြီ။ နေ့တိုင်းလိုလိုပါပဲ”
ထိုအခါကြမှ သာဂိ ဇာတ်ရည်လည်သည်။ သာဂိသည် အူအတက်ရောင်ခြင်း ဖြစ်သည်။ ရောင်နေသော အူအတက်ကို ဗိုက်ခွဲပြီး ဖြတ်ထုတ်ရာ ထုံဆေး ပြယ်သွားခြင်းဖြစ်သည်။ ပြယ်ရခြင်း အကြောင်းက သာဂိ ကြိုက်နှစ်သက်သော အရက်က အစွမ်းပြခြင်းဖြစ်သည်။ ထုံဆေးနှင့် မေ့ဆေးတို့သည် အရက်လို အာနိသင်နှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။ နည်းတာနှင့် များတာပဲကွာမည်။ သဘောကတော့ အတူတူပင်။ သာမန်လူကို ပေးနေကြ ထုံဆေးရည် ပမာဏသည် သာဂိလို အရက်သမားကို မတိုးချေ။ ထိုအခါ ဗိုက်ခွဲနေရင်း တန်းလန်း ဆေးပြယ်ပြီး သေလုအောင် ခံလိုက်ရသည်။
သာဂိသည် ဆရာမလေး ဆက်လက်ဟောကြားသော အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကြီးခြင်းတွေကိုပါ နားထောင်နေရသည်။ အံမယ် .. သူမက ဥပမာ တစ်ခုပင် ပေးသွားသေးသည်။ ဝေးဝေးမကြည့်နှင့် နိုင်ငံကျော် ရုပ်ရှင် အဆိုတော် စာရေးဆရာ ဦးသုမောင်ကို နမူနာယူပါ ဟုဆိုသည်။ သာဂိ နည်းနည်း နောင်တရသည်။ အင်း.. လျှော့မှ ရမည်။
သာဂိသည် ဆေးရုံပေါ်တွင် တစ်လကျော်လောက် နေခဲ့လိုက်ရသည်။ ကံကောင်းသည်ဟုတော့ ဆိုရမည်။ ယခင် အားကစားလုပ်ခဲ့ဖူးသည့် အကျိုးများကြောင့် ထင်သည်။ ဗိုက်က ဒဏ်ရာသည် အသားတက်မြန်သည်။ သို့သော် လုံးလုံးကြီး အသားပြည့်သေးသည်တော့ မဟုတ်ချေ။ ယူဇော ဟုခေါ်သည့် ပတ်တီးစနှင့် ဆေးထည့်တိုင်း သာဂိအော်ရမြဲဖြစ်သည်။ သို့သော် ဆေးရုံက ဆင်းပြီးသည့် နောက်ပိုင်း သိပ်တော့ မအော်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် အိမ်မှာ ဆေးလာလာ ထည့်ပေးသော နပ်စ်မလေး မိစိုးက ရယ်သောကြောင့် ဖြစ်သည်။
သူမသည် အမေတို့ရွာက ဆွေမျိုးနီးစပ်တော်သူလေး ဖြစ်ကာ လမ်းမတော်က သူနာပြုတက္ကသိုလ်တွင် တက်နေသူလေး ဖြစ်သည်။ နာမည်အပြည်အစုံကိုတော့ သာဂိ မမှတ်မိတော့ ။ သာဂိရွာက ထွက်လာစဉ် ခြောက်တန်းလောက်က သူမက နှပ်ချေးတွဲလောင်းနှင့်သာ ရှိသေးသည်။ သာဂိသည် မိစိုးကို ညနေစောင်းတိုင်း မျှော်တတ်လာသည်။ သူမျှော်နေသည်မှာ ဆေးထည့်ခံဖို့ မဟုတ်သလို အမျိုးတော်သော မိစိုးကိုလည်း မဟုတ်ပါ။ မိစိုး နှင့် အဖော်လိုက်လိုက်လာတတ်သော မိစိုး သူငယ်ချင်း လှသွေးကို ဖြစ်သည်။
လှသွေးသည် နာမည်နှင့်လိုက်အောင် အလှသွေးတွေ စုနေသော ကောင်မလေး ဖြစ်သည်။ လှိုင်သာယာဘက်တွင် နေသည်ဟု ဆိုသည်။ ဘယ်မှာနေသည် ဘာတွေလုပ်သည် ဆိုတာ သာဂိအတွက် အရေးမကြီး။ သာဂိ ရောဂါဟောင်း ပြန်ထလာပြီ ဖြစ်သည်။
သူမသည် မိဖြူနှင့် အလွန်တူသည်။ သူမမျက်နှာလေးကို ကြည့်ရသည်မှာ မိဖြူကို ကြည့်ရသလို ဖြစ်သည်။ မတူတာ နှစ်ခုပဲ ရှိသည်။ မိဖြူက အသားဝင်းပြီး သူမက ဖြူခြင်းဖြစ်ကာ နောက်တစ်ခုက မိဖြူ သူ့ကိုကြည့်နေတတ်သော ရွှန်းလဲ့ရီဝေနေတတ်သော မျက်ဝန်းများ သူမမှာ မရှိခြင်း ဖြစ်သည်။သို့ရာတွင် သူမ၌ သူနာပြုက လူနာအပေါ်ကြည့်တတ်သော ကြင်နာသည့် အကြည့်လေးတော့ ရှိတတ်သည်။ ကိစ္စမရှိပါ။ သူမ မျက်ဝန်းလေးတွေ ရွှန်းလဲ့သွားအောင်လုပ်ဖို့ ကိစ္စသည် သာဂိ တာဝန်သာ ဖြစ်သည်။
သို့ရာတွင် သာဂိသည် ဇာတ်လမ်းကို ချက်ချင်းကြီး မစဝံ့သေး။ အဘယ့်ကြောင့်ဆိုသော် သူမတို့က နာမည်ကျော် ပိတောက်ဆောင်သူများ ဖြစ်နေ၍ ဖြစ်သည်။ သူမတို့ အဆောင်ရာဇဝင်ကလည်း ခပ်သေးသေးတော့ မဟုတ်။ မိစိုး ပြောပြသည့်အတိုင်း သာဂိ ကြားရသည်က ဤသို့ ဖြစ်သည်။
မနှစ်က သူမတို့ စာမေးပွဲ ဖြေဆိုချိန် နီးကပ်လာချိန်တွင် အားလုံးလိုလို ဝရံတာထွက် စာကျက်ကြသည် ဆိုသည်။ အခန်းထဲတွင် စာမေးပွဲဖြေပြီးသည်နှင့် ပြန်ရန် အထုပ်အပိုးများ ထုပ်ပိုး ချည်နှောင်ထားသည်က တစ်ကြောင်း၊ အိမ်အပြန် လက်ဆောင်များနှင့် ရှုပ်ယှက်ခတ်နေသည်က တကြောင်း တို့ကြောင့် လွတ်လွတ်လပ်လပ် ဝရံတာပေါ်ထွက် စာကျက်ကြခြင်း ဖြစ်သည်။ လှသွေးကတော့ ထုပ်သိမ်းစရာ များများမရှိသလို၊ လက်ဆောင်လည်း ဝယ်စရာမလို၍ အခန်းထဲတွင်ပင် စာကြည့်နေသည် ဆိုသည်။ စာကြည့်ရင်း တန်းလန်း အိပ်ပျော်သွားရာမှ သူမဘေးက ခြင်ထောင်ကို တစ်ယောက်ယောက်က ပြူတင်းပေါက်ကနေ ဆွဲနေကြောင်း သတိထားလိုက်မိသည်။ သူမလည်း ရုတ်တရက် သရဲ၊ တစ္ဆေများလားဟု အထင်မှားမိသော်လည်း သေချာကြည့်သောအခါ အပြင်ကလူသည် ခြင်ထောင်အစွန်းတွင် ချိတ်ထားသော လက်ကိုင်အိတ်ကို ဆွဲနေခြင်း ဖြစ်ကြောင်း တွေ့ရသောအခါ
“သူခိုး ၊ သူခိုး”
ဟု အော်ဟစ် အကူအညီတောင်းတော့သည်။ သူခိုးသည် အပေါ်ဆုံးထပ်သို့ အိမ်သာပိုက်လုံးမှ တစ်ဆင့် တွယ်တက်လာကာ လှသွေးအခန်း ပြတင်းပေါက် ပွင့်နေသည်ကို တွေ့၍ အပြင်မှ လှမ်းဆွဲခြင်း ဖြစ်သည်။ ကျောင်းသူတစ်ဦး ရှိနေတာ တွေ့သော်လည်း မိန်းမငယ်လေးမို့ မှုလောက်စရာ မရှိဟု သဘောထားပုံလည်း ရသည်။ သို့သော် လှသွေးက ကြောက်ကြောက်နှင့် ငယ်သံပါအောင် အော်သောအခါ စာကျက်နေကြသော ကျောင်းသူ အပေါင်းသည် ရရာ တံမြက်စည်း၊ အဝတ်လျှော်တုတ်၊ ပေါက်တူးနှင့် ခက်ရင်းတို့ကိုကိုင်ကာ ပြူတင်းပေါက် အပြင်မှ သူခိုးကို လှမ်းထိုးခုတ်ကြ၏။ သူခိုးဆင်းမည့် ပိုက်လုံးအောက်ခြေတွင်လည်း ကျောင်းသူ ငါးဆယ်ခန့်သည် အုတ်ခဲကျိုး၊ တုတ်ချောင်းတို့နှင့် အဆင်သင့် ရှိနေသောအခါ သူခိုးသည် အထက်လည်း ဆက်မတက်နိုင်၊ အောက်လည်း ပြန်မဆင်းရဲ၊ အခန်းထဲလည်း ဝင်မရနှင့် ပိုက်လုံးတစ်လျှာက် ဗျာများနေသည် ဟူသတည်း။
သို့ရာတွင် သူခိုးကား မိန်းမပျိုတို့၏ အားနည်းချက်ကို လျှပ်တစ်ပျက်အတွင်း စဉ်းစားမိပုံရသည်။ သူ့အတွက် အချိန်က အရေးကြီးလေပြီ။ သိပ်မကြာခင် ယောကျ်ားသားများ ရောက်လာပါက သူ့အဖို့ လွယ်မည် မဟုတ်တော့။ ရဲစခန်း မရောက်ခင် သူရဲကောင်းများ လက်ချက်နှင့် သူ အသက်ထွက်သွားနိုင်သည်။ သူနာပြုသင်တန်းကျောင်း ဆိုသည်ကား အိမ်ထောင်မရှိသူ အပျိုများချည်း ရှိသည့်နေရာ မဟုတ်ပါလော..။ ဒီလို နေရာမျိုးတွင် လူစွမ်းပြချင်သူ အမြောက်အများ ရှိနိုင်လေသည်။
သူခိုးသည် ပိုက်လုံးအလယ်တွင် ကြံရာမရ ဖြစ်နေရင်းမှ ပုဆိုးကို ဖြေချလိုက်သည်။ အောက်က ဝိုက်လုံး အောက်ခြေကို ဝိုင်းထားသော ကျောင်းသူ အုပ်ကြီးသည် “ဟင်” ကနဲ၊ “ဟာ”ကနဲ ဖြစ်ကာ
“###.. သူခိုး၊ ရိုင်းစိုင်းသူကောင်”
ဟုသာ အော်ဟစ်ကာ ဘေးကိုရှဲသွားကြသည်။ သူခိုးသည် ပုဆိုးအောက်တွင် ဘာမျှဝတ်မထားချေ။ ထိုအခါ အောက်ခြေရှင်းသွားပြီ ဖြစ်သော လမ်းကြောင်းအတိုင်း သူခိုးသည် ဘုရင်မင်းတရားကြီး ကြွချီတော်မူသည့်အလား တွဲလောင်း တွဲလောင်း၊ တန်းလန်း တန်းလန်းဖြင့် အေးအေးဆေးဆေး ထွက်သွားသည် ဟူသတည်း။ ကျောင်းသူများကား ရိုက်ဖို့နှက်ဖို့ မဆိုထားနှင့် မျက်နှာကို လက်ဝါးနှင့်အုပ်ထားမိ၍ ဘယ်သူမှန်းပင် မမှတ်မိလိုက်ကြတော့။ ထိုကိစ္စကို အခဲမကျေသော ကျောင်းသူကြီးများက အဆောင်နံရံပေါ်တွင် အောက်ပါအတိုင်း သတိပေးစာ ကပ်ထားသည် ဟူသတည်း..။
“ကျေးဇူးပြုရ၍ မည်သည့်သူခိုးမဆို လေးစားလိုက်နာရမည် (သတ္တိရှိခဲ့ပါလျှင်) အတွင်းခံဘောင်းဘီ ပါမှသာ အဆောင်ပေါ် တက်ခိုးခွင့် ရှိသည်”
ပုံ
ပိတောက်ဆောင်
ရန်ကုန်သူနာပြု တက္ကသိုလ်
သာဂိအိပ်ယာထဲ လှဲနေစဉ်အတွင်း ပြူးကျယ်လည်း ရောက်လာတတ်သည်။ သူလည်း ဥမ္မာနှင့် ပြန်အဆင်ပြေနေသည်ဟု ပြောသည်။ သာဂိက သူသိချင်သော အိမ်ထောင်ရေးအကြောင်းကို မေးသောအခါ ပြုးကျယ်က မြန်မာစာရေးဆရာကျော်ကြီး နှစ်ဦး၏ စကားဖြင့် ပြန်လည်ဖြေကြားသည်မှာ ဤကဲ့သို့ ဖြစ်သည်။
“ဆရာသော်တာဆွေက ပြောတယ်ကွ..။ စင်စစ်တော့ အိမ်ထောင်ရေးမှာ သုခဆိုတာ လုံးဝမရှိ၊ အမှန်အားဖြင့် မိမိစိတ်ကို လှည့်စားနေခြင်းဖြင့် ဒုက္ခကို ဖုံးကွယ်ထားတတ်ကြသည်။ သို့ရာတွင် ရံဖန်ရံခါ ရရှိတတ်သော စိတ်ကြည်နူးမူ သုခလေးဖြင့် ကျေနပ်ကြရသည်သာ ဖြစ်သည်တဲ့။
နောက်ပြီး ဆရာကြီး ဒဂုန်တာရာကလည်း ဒီလိုပြောသေးတယ်ကွ …။ ကိုယ်တိုင် အိမ်ထောင်ရေးကို မကြုံဖူးသော်လည်း အောင်မြင်နေသော သူများ အိမ်ထောင်ရေးများကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ခွင့်လွှတ်နိုင်ခြင်းဟာ အိမ်ထောင်ရေး အောင်မြင်မူရဲ့ အဓိကအချက်ပဲလို့ မြင်မိတယ်။ ခွင့်လွှတ်နိုင်လေ အိမ်ထောင်ရေးမှာ အောင်မြင်လေ လို့ဆိုလိုချင်တာပဲ။ မှန် မမှန်တော့ မပြောတတ်လို့ ဆရာကြီးက ဆက်ပြောသေးတယ်။ ငါတော့ မှန်တယ် ထင်တာပဲ။ ငါ့ကတော့ သူတို့နှစ်ယောက် ပေါင်းပြောတဲ့ ရံဖန်ရံခါ သုခလေးကြုံရဖို့ အမြဲတမ်း ခွင့်လွှတ်ထားတယ်ကွာ”
“ဟေ…”
သာဂိခင်မျာ ဟေကနဲ တစ်ခွန်းသာရွတ်နိုင်ပြီး ပြူးကျယ်၏ အယူဆသစ်ကို စဉ်းစားနေမိသည်။ ဟုတ်ချင်လည်း ဟုတ်ပေမည်။ ဘာလုပ်လုပ်၊ ဘာပြောပြော ခွင့်လွှတ်ထားမှတော့ ဘာပြဿနာနှင့် ကြုံတော့မည်နည်း။ သာဂိသည် ပြူးကျယ်နှင့် မိစိုးတို့ မလာသည့် ရက်များဆိုလျှင် စာအုပ်တွေသာ လှိမ့်ဖတ်နေမိသည်။ သူ မြန်မာပြည်တစ်လွှား ဒိုးကလေးလို လိမ့်နေစဉ်အတွင်း ဦးလေးနှင့် အဒေါ် ဝယ်ထားသော စာအုပ်တွေသည် ဘီရိုကြီး တစ်လုံးစာလောက် ရှိနေသည်။ ထို့ကြောင့် သာဂိ စာအုပ်များများ ဖတ်ဖြစ်သည်။
အဲ.. မိစိုးတို့ လာသော နေ့များဆိုလျှင်တော့ သာဂိ စာမဖတ်ဖြစ်။ သူ့အကြည့်တွေကို မိစိုးရော၊ လှသွေးပါ ရိပ်မိနေကြပြီ ထင်သည်။ မိစိုးသည် စပ်ဖြဲဖြဲနှင့် သူ့ကို စနောက်ချင်သည်။ သူက လှသွေး ရှက်ပြီး နောက်မလာတော့မှာ စိုးသဖြင့်သာ နည်းနည်း ဟန့်တားသလို မျက်နှာတင်းပြထားရသည်။ အမှန်တော့ စစေချင်ပါသည်။ လှသွေးကတော့ ဘာမျှမဖြစ်သလို မျက်နှာအမူအယာလေးနှင့် ရှိနေတတ်သည်။ သာဂိ ခန့်မှန်း တတ်ပါပြီ။ သူတို့ မိန်းကလေးတွေသည် ဒီလိုကိစ္စမျိုးတွင် ဟန်ဆောင်ကောင်းကြသည်။
သိပ်မကြာခင်တွင် သာဂိ ဗိုက်က ချူပ်ရိုးဖြေသည်။ ခွဲထားသောနေရာက အသားတက်ဖို့တော့ နည်းနည်း ကျန်သေးသည်။ သို့သော် စိုးရိမ်စရာတော့ မရှိတော့ ဟုဆိုသည်။
သာဂိ ဆေးရုံတက်ကတည်းက အစားကောင်းကောင်း မစားရ။ အစောပိုင်းကဆို ဂလူးကို့စ်ပိုက်နှင့်သာ နေရသည်။ နောက် အရည်လေးနည်းနည်း၊ နောက် အစာပျော့၊ အခုတော့ ထမင်းအနည်းငယ်တောင် စားနိုင်နေပြီ ဖြစ်သည်။ သို့ရာတွင် လူကတော့ တော်တော် ပိန်ကျသွားသည်။ ပေါင် ၁၆၀ ကျော်ရှိသော သာဂိ ခန္ဒာကိုယ်သည် ၁၂၀ လောက်သာ ကျန်သည်။ သာဂိသည် ကိုယ့်ကိုယ်ကို မနည်း ပြန်လည်ထူထောင်ရသည်။ ဖြေးဖြေးချင်း လမ်းလျှောက်ခြင်းနှင့် စရသည်။ စလျှောက်စက ခြေလှမ်း ၁၀ လှမ်းလောက်ဆို သာဂိ မလှမ်းနိုင်တော့။ လူက နှုံးချိသွားသည်။ သို့သော် နောက်ပိုင်း တစ်ဖြည်းဖြည်းနှင့် ၁ မိုင်လောက်ထိ လျှောက်နိုင်လာသလို၊ အနာကလည်း လုံးဝ ပျောက်သလောက် ဖြစ်သွားသည်။
အနာဖေးသည် ကြောင်တစ်ကောင် ကုတ်ရာလောက်သာ ဗိုက်ပေါ်တွင် ကျန်သည်။ သို့သော် အောက်က အမာရွတ်ကတော့ ကင်းခြေများကြီး တစ်ကောင် တင်ထားသကဲ့သို့ ရှိသည်။ ထို့အတူ လှသွေးတို့လည်း အလာကျဲသွားသည်။ သို့သော် သာဂိက ခဏခဏ သွားတွေ့နေသည်။ အကြောင်းပြချက်ကလည်း ကောင်းပါသည်။ မိစိုးဖို့ ဟင်းစားပို့ပေးခြင်း ဖြစ်သည်။ သို့ရာတွင် သူပို့သမျှသည် မိစိုးကြိုက်တတ်သော ဟင်းတွေ မဟုတ်ပါ။ လှသွေး ကြိုက်သော ဟင်းတွေသာ ဖြစ်သည်။ လှသွေးသည် အိမ်မှာတွေ့စဉ်တုန်းကနှင့် အဆောင်မှာ တွေ့ရတာ သိပ်တော့ မတူချေ။ အိမ်မှာတုန်းက ရှက်နေတာလား မသိ။ စကား သိပ်မပြော။ အဆောင်မှာတွေ့သောအခါတွင် ဆိုလျှင်မူ သူ့အားကိုးတွေရှိ၍ ရဲတင်းသလား မဆိုနိုင်။ တော်တော် သွက်သွက်လက်လက် ရှိသည်။
သာဂိ ရွာပြန်ဖို့ စိတ်ကူးမရှိတော့။ ရန်ကုန်မှာ တစ်ခုခုလုပ်မည် စိတ်ကူးထားသည်။ သူ့မှာရှိသမျှနှင့် နိုင်သလောက် ခွင်လေးတွေအတွင်း စနည်းနာကြည့်သောအခါ အသက်သာဆုံးသည် ဘောပွဲလုပ်ဖို့ ဖြစ်လာတော့သည်။ သိပ်များများလည်း ရင်းစရာမလို။ ဒိုင်ကြီးထံတွင် စပေါ်တင်ထားပြီး သူက ချပေးသည့် ကြေးအတိုင်းဖွင့်ကာ လာထိုးသမျှကို ဖုန်းနှင့် လှမ်းတင်ပေးခြင်း ဖြစ်သည်။ လူလည်း သက်သာသလို နှစ်ဖက်ခွလည်း ရသည်။ ထိုးသားတစ်ယောက်က ငွေတစ်ရာထိုး၍ သူက ဒိုင်ကိုလှမ်းတင်တိုင်း ထိုတစ်ရာအတွက် ကော်မရှင် တစ်ဆယ်ရသည်။ ထိုးသားကနိုင်၍ ဒိုင်က ပြန်လျော်ပြန်လျှင်လည်း အကောက်ဟုဆိုကာ ထိုးသားထံမှ တစ်ရာကို တစ်ဆယ် ကောက်သည်။ ထို့ကြောင့် သာဂိသည် အဝင်တစ်ဆယ်၊ အထွက် တစ်ဆယ်နှင့် အလုပ်ဖြစ်နေပြန်သည်။
သာဂိက ဆရာမကြီးတူ ဖြစ်၍ ယုံကြည်ကြသောကြောင့်လား မပြောတတ်။ သာဂိသည် ဘောပွဲရှိသည့် နေ့များဆိုလျှင် တစ်ရက် သောင်းဂဏန်းလောက်တော့ အောက်ထစ်ရသည်။ ဒါတောင် သာဂိ ရံဖန်ရံခါ လုပ်တတ်သည့် ကြေးဟတာ မပါသေးချေ။ ဘာပဲပြောပြော သာဂိသည် အဆင်ပြေနေပြန်သည်။ ဖုန်းတစ်လုံး ငှားကိုင်ပြီး ခါးချိတ်ထားကာ ပိုက်ဆံအိပ်ခါးပတ်ကြိုးကြီးပတ်၍ အင်းစိန်လမ်းမပေါ်တွင် ဘောင်ချာ ဖွင့်နေတတ်သည်။
သို့ရာတွင် သာဂိတွင် အခက်ခဲ တစ်ခုရှိသည်။ လှသွေးက သူ့ချစ်ခြင်းတွေကို မသိဘူး။ မပြောတတ်ဘူးနှင့် ကျောင်းပြီးမှ စဉ်းစားမယ် လုပ်နေခြင်းပင်။ မိစိုးကလည်း အားကိုးရပါသည်။ အချိန်ရတိုင်း ဝင်ဝင်လှော်ပေးတတ်သည်။ ထိုအတွက်တော့ ဒင်းအဆောင်ကို တစ်ပတ်တစ်ခါလောက် ရွှေဘဲက ဘဲကင်တစ်ခြမ်း ဆက်သနေရသည်။ သာဂိ အရင်းအနှီးမြုပ်နှံသည့် သဘော မဟုတ်သော်လည်း ထိုကောင်မလေးကို ဝယ်ကျွေးရကျိုးတော့ နပ်ပါသည်။
ဝါဆိုလပြည့်နေ့ သူမတို့ ကျောင်းပိတ်ရက်တွင် သာဂိသည် ဘုရားလိုက်ပို့ခွင့်ရခဲ့သည်။ ထိုနေ့က သာဂိသည် တက္ကဆီ တစ်စီးငှားကာ သူမတို့ကို အဆောင်ရှေ့သို့ သွားခေါ်သည်။ လှသွေးသည် ပန်းနုရောင် အင်္ကျီလက်ရှည်လေးနှင့် ချောကလက်ရောင် ထမီလေးကို ဆင်မြန်းကာ လှချင်တိုင်းလှနေသည်။ သာဂိသည် သူမကို ငေးနေမိသည်။ မိစိုးက ကားထဲဝင်ထိုင်ရင်း
“မျက်လုံးတွေ ကျွတ်ပြီး သွားမှန်နေဦးမယ်”
ဆိုမှ သာဂိ ရှေ့ပြန်လှည့်ရသည်။ ဘေးက တက္ကစီ သမား အစ်ကိုကြီးတောင် ပြုံးစိစိ ဖြစ်နေရာ သာဂိ နည်းနည်း ရှက်သွားသည်။ ဒီနေ့က လပြည့်နေ့မို့ထင်သည်။ လိုင်းကားတွေအားလုံး ပြည့်ကြပ်နေသည်။ ဘုရားသွားသည့် သုံးကားဆိုလျှင် တော်ရုံ မိန်းကလေး မတိုးနိုင်လောက်အောင် ပြည့်နေတတ်သည်။ သို့ရာတွင် ဤအထင်သည် သာဂိ အထင်သာဖြစ်၍ ရန်ကုန်သူတို့ကမူ ငါးရှဉ့်တစ်ကောင် ရွံ့ထဲဝင်သွားသလို လျှောကနဲ၊ လျှောကနဲ တိုးဝင် တက်သွားတတ်ကြသည်။ သာဂိ မျက်စိရှုပ်စရာတွေကို ဆက်မကြည့်တော့ပဲ အာရုံတွေကို နောက်ကြည့်မှန်ဆီ ပို့လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် လှသွေးသည် ဘယ်အချိန်ကတည်းက သူ့ကို ကြည့်နေသည် မသိ။ နောက်ကြည့်မှန် သေးသေးလေးထဲတွင် သူမ၏ မျက်ဝန်းလေးတွေနှင့် ဖျပ်ကနဲ ဆုံမိကြသည်။ သူမ ချက်ချင်း တစ်ဘက်သို့ မျက်နှာလွှဲသွားသည်။ သူမ ပြုံးလိုက်သလား.. သိပ်တော့ မရေရာ။ သာဂိ ချက်ချင်းပင် စိတ်ထဲတွင် ကြည်နူးသွားမိသလို လွမ်းသလိုလိုလည်း ဖြစ်သွားသည်။ ထိုအပြုမူလေးမျိုးကို တစ်ချိန်တုန်းက မိဖြူလည်း လုပ်ခဲ့ဖူးသည် မဟုတ်ပါလား။
သာဂိ စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။ လှသွေးကို မိဖြူလိုတော့ ဘယ်နည်းနှင့်မျှ အဖြစ်မခံတော့။ဘုရားပေါ်က အပြန်တွင် လှည်းတန်းလမ်းဆုံက အပေါ်ထပ်က ဘာဂါဆိုင်လေးထဲတွင် သူတို့ အအေးသောက်ကြသည်။ ဆိုင်အပြင်ဘက် ဝရံတာဘက်က ထောင့်စားပွဲတစ်လုံးတွင် ထိုင်ကာ လှည်းတန်းလမ်းဆုံကို ငေးမောရင်း တိတ်ဆိတ်စွာ ထိုင်နေမိကြသည်။ သာဂိက မိစိုးရှေ့တွင် လှသွေးကို ဘယ်လို ပြောရပါ့မလဲဟု စဉ်းစားနေခိုက် မိစိုးက အလိုက်တသိ အိမ်သာသွားဦးမည် ဆိုသည်။ လှသွေးသည် ခေါင်းလေးငုံ့ရင်း အအေးခွက်က ပလတ်စတစ်ပိုက်တံလေးကို ဖြေးဖြေးချင်း စုပ်နေရာမှ အလန့်တကြားကြည့်ကာ သူမပါ လိုက်မည် ဆိုကာ အတင်းထလိုက်သွားသည်။
သာဂိ စိတ်နည်းနည်း ညစ်သွားသလို ရယ်လည်း ရယ်ချင်သွားသည်။ သူမ ကြောက်နေတာ ဖြစ်မည်။ ခဏကြာတော့ နှစ်ယောက်သား ပြန်ရောက်လာသည်။ မိစိုးက ဘာတွေ သွန်သင် ပြုပြင်ပေးလိုက်သည် မသိ။ သူမ နှုတ်ခမ်းလေးတွေ ပိုပြီး စိုလာကာ၊ ပါးမို့လေးတွေ ရဲလာသည်။ ထိုင်ခုံတွင် ထိုင်ကြရုံမျှ မကြာသေး မိစိုးက
“ဟယ်တော့ ၊ အိမ်သာထဲမှာ လက်ကိုင်ပဝါ ကျန်ခဲ့ပြီ”
ပြောပြောဆိုဆို ထထွက်သွားရာ လှသွေးက လှမ်းဆွဲလိုက်သော်လည်း မမိလိုက်တော့။ သူမသည် အသားစားတတ်သည့် ကျားရဲတစ်ကောင်ရှေ့ ရောက်နေသာ သမင်ငယ်လေးနှင့် တူနေသည်။ ခေါင်းကို မဖော်တမ်း ငုံ့ထားရင်း လက်နှစ်ဘက်ကို တင်းတင်းဆုပ်ထားသည်။ သာဂိ ငြိမ်းငြိမ်းကို သတိရမိပြန်သည်။ ငြိမ်းငြိမ်းလည်း ရှက်လာလျှင် ဤသို့ ပြုမူတတ်သည် မဟုတ်ပါလား။
သာဂိ ဆုံးဖြတ်မိပြန်သည်။ လှသွေးကို ငြိမ်းငြိမ်းလို လုံးဝ မဖြစ်စေရဟု။ သူမသည် ခေါင်းလေးငုံ့ကာ လက်လေးနှစ်ဘက်ကို တင်းတင်းဆုပ်နယ်ရင်း အသက်ကို ခပ်ပြင်းပြင်းလေး ခိုးရှူနေသည်။ သာဂိ သူမ ဘယ်လက်လေး၏ လက်သန်းဖျားလေးကို ဖြေးဖြေးချင်း ဆွဲယူလိုက်သည်။ သူမ မရုန်းပါ၊ တောင့်လည်း မထားပါ၊ သို့ရာတွင် သူမ ရင်တွေ အရမ်းခုန်နေသည် ဆိုတာကို လှိုင်းထမတတ်လှုပ်ရှားနေသော ရင်အုံလေးကို ကြည့်၍ ခန့်မှန်းနိုင်ပါသည်။ သာဂိက ထိုလက်သန်းလေးကို လက်ဝါးပေါ်တင်ကာ ဖွဖွလေး နမ်းလိုက်ရင်း…
“လှသွေး..”
ဟု ခေါ်လိုက်သည်။ ပခုံးလေးကျူံ့သွားသည်မှ လွဲ၍ သူမက ပြန်မထူးပါ။
“ မင်းကို ကိုယ်ချစ်တယ်၊ လက်ထပ်ပါရစေနော်”
သူမက မျက်ဝန်းလေးတွေ လှန်ကြည့်သည်။ အို.. သူမ ငိုတော့မှာလား.. မျက်ဝန်းအိမ်လေးထဲတွင် မျက်ရည်ကြည်တွေ ပြည့်လျှံလာသည် ထင်ရသည်။သာဂိ အံ့သြစွာ ငေးကြည့်နေမိစဉ် သူမက သူမ လက်သန်းလေးကို ဖြေးဖြေးချင်း ပြန်ဆွဲယူသွားသည်။
ပြီးပါပြီ။